(၁)
တောင်မဟီရိုးမ
ရောင်နီနှိုးဆွ နိုးထသောခါ။
မိုးသောက်ထပန်း
နီခြည်လန်းလို့ လန်းဆန်းဝီဆာ။
အမျိုးသီလ
ရက္ခိတတရား၊ နှလုံးမြီပြင်။
ရီမြီကောင်းရေ ရိုးမ
အစိုအလာကောင်းရေ ရိုးမ
အောက်ခြီခိုင်ရေ ရိုးမ
မဟာရိုးမ မေတ္တာသျှင်။
(၂)
အမှောင်ကိုထိုးဖောက်
ရောင်ခြည်ဖြိုးမောက် တမိုးသောက်တေခါ။
မျက်နှာသစ်မြက်
နှင်းစက်သောက်စို့ စိမ်းလို့စိုလွင်။
ရီကြိုင်စိမ့်စမ်း
ပြည်ရခိုင်စိမ်းလန်း ငြိမ်းချမ်းရင်ခွင်။
အပြုံးများရိုးသား ရိုးမ
နှလုံးသားနိုးကြား ရိုးမ
မညှိုးနိုင်ရေ ရိုးမ
မဟာရိုးမ မေတ္တာသျှင်။
(၃)
နီဝန်းနှိပ်စက်
ခေါင်းထိပ်တက်လို့
စိတ်ပျက်ပူပင်။
မြီသားကွဲအက်
ပဟေဆက်ဖို့ မိုးစက်ပျင်ဆင်။
လောကညှင်းဆဲ
သောကဆင်းရဲ
အခက်အခဲမငြိုးငြင်။
သဘာဝမြင့်မြတ် ရိုးမ
ထာဝရခွင့်လွှတ် ရိုးမ
မဟာရိုးမ စေတနာသျှင်။
(၄)
တနိန့်ကုန်ဆုံး
နီလုံးပျောက်လု
တိမ်တောင်ဆည်းဈာ။
ရီလှိုင်းပျိုရို့
ကမ်းသို့လှမ်းတက်
ဝမ်းပမ်းတသာ။
အိမ်ပြန်ငှက်ရို့
တောင်ဖန်ယှက်လို့
ဘဝတွက်အားအင်။
အမှောင်ဖောက်လို့၊
မပျောက်ရိုးမ
နီရောင်ပြယ်လို့၊ မကွယ်ရိုးမ
ကမ္ဘာတည်သရွိ၊ တည်ဟိရိုးမ
မဟာရိုးမ သစ္စာသျှင်။
(စာရေးသူ --- စိုင်းဒြား၊ အဉ္စန)
0 comments:
Post a Comment